Get Mystery Box with random crypto!

အခု မြန်မာပြည်မှာ ရာသီဥတုပူတာရယ်၊ မီးပျက်တာရယ်ကြောင့် Newsfeed | ပန်ဆယ်လို

အခု မြန်မာပြည်မှာ ရာသီဥတုပူတာရယ်၊ မီးပျက်တာရယ်ကြောင့် Newsfeed တစ်ခုလုံး ညည်းတွားကြတာတွေ ခဏခဏ ဖတ်ရတယ်။ ကိုယ်လည်း မြန်မာပြည်မှာတုန်းက မီးပျက်တဲ့နွေညတွေ ကြုံခဲ့ဖူးတာဆိုတော့ ကောင်းကောင်းနားလည်ပါရဲ့လေ။

စစ်အာဏာသိမ်းလို့ နယ်စပ်ကို ရှောင်ရချိန်မှာ မတ်လလယ်ကြီး။ ကိုယ်ရောက်သွားတဲ့ ထိုင်းမြန်မာနယ်စပ်က ရွာလေးမှာ ကိုယ်ငှါးနေတဲ့အိမ်က နှစ်ထပ်၊ ဖြစ်ချင်တော့ နေ့ဘက်ဆို ထိုင်းရဲတွေ လာလာထိုင်ကြတဲ့ ဆိုင်နဲ့ မျက်နှာချင်းဆိုင်ဆိုတော့ အောက်ထပ်မှာ နေမရဘူး။ နေမရဆို တံခါးက ဟိုက်ဒရောလစ်တံခါးကြီး။ အခန်းဖွဲ့မထားတော့ တံခါးဖွင့်ထားရင်း ဟိုးနောက်ဖေးထိ ဒိုးယိုပေါက်ပဲ။ ဆိုတော့ကာ အပေါ်ထပ် ထပ်ခိုးလေးမှာ နေရာတယ်။ ချက်စားလည်း အဲ့နေရာမှာပဲ။

ထပ်ခိုးက မျက်နှာကျက်မရှိ၊ မတ်လလယ် အပူချိန် ၄၀ ကျော် သွပ်မိုးအောက် ကပ်လျက်မှာ တကယ့်ငရဲပဲ။ ထမင်းပေါင်းအိုးနဲ့ ဒယ်အိုးနီလေးတစ်လုံးအပြင် ပန်ကာတောင် မရှိဘူး။ ဒဏ်မခံနိုင်လို့ တဆင့်အမှာပါးပြီး ပန်ကာလေးတစ်လုံးရလာတော့လည်း အဆင်မပြေဘူး။ ပန်ကာက လေပူတွေကို ပြန်ဝှေ့ဆိုတော့ အပူမသက်သာဘူး။ အင်္ကျီကို ရေစွတ်၊ ရေပြန်ညှစ်ပြီး ပြန်ဝတ် ပန်ကာရှေ့ ထိုင်နေ၊ အပူတွေရှပ်၊ ဖျား။

အဲ့အချိန်မှာ အေးချင်လိုက်တာ အေးချင်လိုက်တာ ဆိုတာပဲ စိတ်ထဲမှာ ရှိတယ်။ ဝရမ်းပြေးဖြစ်လာတဲ့အပူ၊ ဘာတွေဆက်ဖြစ်မယ်မသိတဲ့ အပူ၊ လူရာချီသတ်ခံရတဲ့သတင်းတွေကြောင့် ရင်ထဲပူတဲ့အပူ။ ဘဝမှာ ငရဲလို့ တွေးမိရင် အနီးစပ်ဆုံးက အဲ့အချိန်ပဲ။

အေးချင်လိုက်တာလို့ တွေးရင်း US မြေ ခြေချတဲ့အချိန်မှာ အပူချိန် အနှုတ်၂ နဲ့ စတွေ့တာပဲ။ အနွေးထည်ထူထူ ပါမလာတဲ့အတွက် ခေတ္တနေထိုင်ရတဲ့ ဒုက္ခသည် Shelter မှာ သူများလာလှူထားတဲ့ အနွေးထည်အဟောင်းလေး သွားယူဝတ်ရတာပဲ။

အဲ့ကနေ ဝစ္စကွန်ဆင်ပြည်နယ်ပြောင်းတော့ အစပိုင်းသိပ်မအေးတာတောင် ကိုယ်တွေအတွက် အတော်အေးနေပြီ။ ကိုယ့်ကိုယ်ကိုယ် အအေးကြိုက်တယ် ထင်ခဲ့မိသမျှ မဟုတ်ဘူးထင်လာတော့တာပဲ။

အအေးချိန် မိုင်းနပ်၁၈ ထိ ကြုံခဲ့ရဖူးတယ်။ Heater ပေးထားတဲ့အိမ်ထဲမှာ အေးလွန်းလို့ လန့်လန့်နိုးရတဲ့ညတွေ။ အိမ်လွမ်းနာရော ရာသီဥတုရောကြောင့် ဘေးက အိပ်နေတဲ့ အမျိုးသားလန့်နိုးမှာစိုးလို့ မြေအောက်ခန်းထဲ ဆင်းငိုခဲ့ရတဲ့ညတွေ။

ပူလွန်းတာရော အေးလွန်းတာရော လပိုင်းအတိုလေးအတွင်း ကြုံခဲ့ရတာကို သတိရမိလို့ပါ။ ပူလိုက်တာ ပူလိုက်တာဆိုတဲ့အချိန်မှာ အေးချင်၊ အေးလိုက်တာ အေးလိုက်တာဆိုတဲ့အချိန်မှာ ပူချင်။

ပူလွန်းတာရော အေးလွန်းတာရော မကောင်းဘူး။
ပူပူ… အေးအေး မီးလာရင် ထိန်းလို့ရတယ်။ဒီရာသီဥတုမှာ စောက်မီးတောင် နပ်မမှန်တာ ကိုယ့်ကိုယ်ကိုယ် အစိုးရထင်နေကြသေးပဲ။

Phay Loo Ma Thar တွေ

ဘာမှမဟုတ်ဘူး။ အဲ့ကောင်တွေကို ဆဲချင်လို့ကို အရှည်ကြီး ရေးလာတာ။