ဘဝဆိုတာက အသက်အရွယ်တစ်ခုရောက်လာလို့ တကယ်ရင်ဆိုင် ဖြတ်သန်းရတဲ့အခါ ငယ်ငယ်ကလို ငိုယိုပြေးတိုင်နေလို့လည်း ပြေလည်တာမှ မဟုတ်တာ။ တစုံတခုကို ကြုံတွေ့ရတဲ့အခါ၊ ရင်ဆိုင်ဖြေရှင်းရတဲ့အခါ၊ ရင်ဆိုင်ဖြေရှင်းဖို့ကလည်း ကိုယ်ကလွဲရင် ဘယ်သူမှ မရှိတဲ့အခါ မကြာခဏ ရေရွတ်ဖြစ်တာက All is Well ပဲ။
All is well လို ရေရွတ်လိုက်ရုံနဲ့ ဂါထာမန္တာန်ရွတ်သလို ပြေလည်သွားတာတော့ မဟုတ်ဘူး။ ငါအဆင်ပြေမှာပါ၊ ငါရင်ဆိုင်နိုင်မှာပါလို့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်တာမျိုးပေါ့။
ကိုယ်က Motivation တွေ သိပ်မကြိုက်လှဘူး။ “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား” ဆိုတဲ့ စကားကိုတောင် “အေး… သေချာတယ်၊ ပြန်အိပ်နေလိုက်ပြီ” လို့ တွေးတာမျိုး။ ဒါပေမယ့် တကယ့်ဘဝမှာ ကိုယ်မှမလုပ်လို့ မဖြစ်တာမျိုးတွေ ရင်ဆိုင်ရတဲ့အခါ All is well လောက်ကတော့ တကယ်လိုတယ်။