Get Mystery Box with random crypto!

ဟိုကောင်တွေ ဖွလွန်းလို့သာ ရှေ့ရက်က မအားကြောင်း ထုတ်ပြောဖြစ်တာ။ | ပန်ဆယ်လို

ဟိုကောင်တွေ ဖွလွန်းလို့သာ ရှေ့ရက်က မအားကြောင်း ထုတ်ပြောဖြစ်တာ။ တကယ်တမ်းက မအားတာထက်တောင် ပိုသေး။ အရမ်းပင်ပန်းနေတာ။ မနက် ၉၊ ည၉ တစ်နေ့၁၂နာရီအထက် အလုပ်တွေပုံနေတာ။ လူက ခါးတွေနာပြီး လမ်းလျှောက်ရင် ခါးပါကုန်းနေတာ။

အခုနောက်ပိုင်း ကိစ္စတစ်ခုကြောင့် မညည်းတွားဖြစ်အောင် နေတယ်။ အဲ့လိုနေရတဲ့အကြောင်းကလည်း ဖေ့စ်ဘုတ်မှာ ဘော်ဒါရင်းတစ်ကောင်ရေးလိုက်တဲ့ Status တစ်ခုကြောင့်။

ဒီကောင်ကတော့ ကိုယ့်ကိုရေးတာ မဟုတ်ဘူး။ သူအမြင်ကပ်နေတဲ့ USရောက် ဘိုးတော်တစ်ယောက်ကို ရေးတာ။ ကိုယ်က တည့်တည့်မှန်သွားတာ ဆိုပါတော့လေ။

နွေဦးတော်လှန်ရေးကြောင့် US ရောက်လာတဲ့ စာရေးဆရာဦးလေးကြီးတစ်ယောက်ရှိတယ်။ သူကလည်း စာရေးဆရာပီပီ US မှာ ဘယ်လိုပင်ပန်းကြောင်း တဖွဲ့တနွဲ့ ရေးတာပေါ့လေ။ သူရေးတာက မှားလားဆိုတော့ မမှားဘူး။ ရေးတဲ့အချိန်အခါ မှားနေတာ။ ပြည်တွင်းမှာ Professional တစ်ခုနဲ့ ဂုဏ်ရှိရှိ ဝမ်းဝဝနေခဲ့တဲ့သူတွေအတွက်တော့ US Life ဟာ မြန်မာပြည်လောက် သက်သောင့်သက်သာ မရှိတာတော့ အမှန်ပဲ။ မြန်မာပြည်မှာက အနည်းငယ် ငွေကြေးချောင်လည်ရင်ကို အချွေအရံအသင်းအပင်းနဲ့ နေလို့ရတယ်။ ဒီမှာက မီလျံနာလည်း ကိုယ့်စောက်လုပ်ကိုယ်လုပ်ရတာ။ နေမကောင်းဖြစ်လည်း ကိုယ်စားဖို့ ကိုယ့်ဖာသာ ထချက်ပဲ။ ရောက်ခါစ အခြေခံအလုပ်တွေ ပြန်လုပ်ရတော့ မညည်း ခံနိုင်မလား။

ညည်းတဲ့အချိန်မှားတယ်ဆိုတာက ပြည်တွင်းမှာ စားဝတ်နေရေးကြပ်တည်း၊ ဆီစျေးတက်၊ မီးပျက်၊ ဒေါ်လာစျေး ကျားလိုက်၊ စစ်တပ်ကနှိပ်စက်ခံနေကြရတဲ့သူတွေရှေ့မှာ US မှာ နေရတာ ဘဝကြီးက ဘယ်လိုဘယ်ပုံပင်ပန်းပါတယ် ပြောနေတော့ ဘယ်သူက လက်ခံနိုင်မတုန်း။ ဘယ်သူက သနားမှာတုန်း။ ဘယ်သူက ကိုယ်ချင်းစာမှာတုန်း။

ကိုယ့်ဘော်ဒါက Status တစ်ခု ထတင်တယ်။ သူက အရွယ်ရောက်ကတည်းက ပြည်ပတန်းထွက်အလုပ်လုပ်ပြီး ဆယ်စုနှစ်ကျော် ပြည်ပမှာနေလာတဲ့ကောင်။ သူ့Status က တိုတိုလေးပဲ။ “ပြည်ပရောက်ပြီး စောက်လုပ်လေး လက်ကြောတင်းအောင် လုပ်ရပြီဆိုရင် စောက်သံက ထွက်လာပြီ” တဲ့။

ကိုယ်ကတော့ အဲ့စာကြောင်းကို ဖတ်ပြီး မျက်ခွက်ကြီး ဖြတ်ရိုက်ခံလိုက်ရသလိုကို ရှက်တာ။ အဲ့ကတည်းက ပင်ပန်းလို့ ညည်းတွားမိမယ် ကြံတိုင်း အဲ့စကားကို ဘေးနားကပ်လာပြောသလိုကို ခံစားရလို့ မညည်းတွားမိအောင် နေလိုက်တော့တယ်။

ပြည်ပမှာ မြန်မာသန်းချီရှိတယ်။ သူတို့လည်း ကိုယ့်အထွာနဲ့ကိုယ် ပင်ပန်းခဲ့ကြမှာပဲ။ သူတို့တောင် ဖြတ်သန်းနိုင်ခဲ့ကြတာ ငါက ဘာလို့ညည်းတွားနေမှာလဲ။ ငါက ညည်းတွားနေမိရင် သူတို့လောက် မသန်မာလို့ပဲ။ ငါက အဲ့လောက်အားပျော့နေသူ မဟုတ်ဘူး။ ဒီလိုပဲ တွေးပြီး အားတင်းရတာပဲ။ သူငယ်ချင်းတွေ သာကြောင်းမာကြောင်း မေးရင်း ပင်ပန်းလားမေးရင်တောင် အဆင်ပြေပါတယ်ပဲ ဖြေဖြစ်တော့တယ်။

ဒီကာလထဲမှာ အားလုံးဟာ ကိုယ့်အပူလုံးတစ်ခုစီ ရင်ထဲထည့် ရှင်သန်နေကြရတာပဲ။ ငါ့အပူလုံးကြီးက နင်တို့ထက် ကြီးတယ်၊ ဟော့ဒီမှာ ကြည့်၊ ဒီလောက်ကြီးတောင် ရှိတယ်။ ဒီလောက်ကို ငါက ပင်ပန်းနေတာ၊ ဒီလောက်ကို ငါက သနားဖို့ကောင်းတာဆိုပြီး ဘယ်သူ့ဆီကမှ အသနားခံနေဖို့ အစီအစဉ် မရှိတော့ဘူး။

ကိုယ်အားနည်းချိန်မှာ ကိုယ့်အပေါ် ကောင်းပေးကြတဲ့လူတွေ ရှိခဲ့တာကြောင့် ဘဝမှာ အဆင်ပြေခဲ့ရတာတွေ ရှိခဲ့တယ်။ ဒါကြောင့် ကိုယ့်ထက်အားနည်းတဲ့သူတွေတွေ့ကြုံရင်လည်း အဆင်ပြေအောင် ကိုယ်တတ်နိုင်သလောက် ကောင်းပေးလိုက်တယ်။ ပြီးရင် မေ့ပစ်လိုက်တယ်။ ဒါကို ကျေးဇူးတရားလို့ မသတ်မှတ်သလို ဘဝမှာ ဖြတ်သွားဖြတ်လာ အပြန်အလှန် ကူညီလိုက်ကြတယ်လို့ပဲ ပေါ့ပေါ့ပါးပါး ခံယူလိုက်တယ်။

လူတိုင်းဟာ ကိုယ့်ဘဝမှာတော့ ကိုယ်ဇာတ်လိုက်ပါပဲ။ တကယ့် Reality မှာ ဘယ်သူ့ဘယ်သူကမှ ဘယ်သူ့ဘဝရဲ့ ဇာတ်လိုက် ဖြစ်မနေပါဘူး။

ဘဝဆိုတာ ဘာပါလို့ ကြီးကြီးမားမား ဖွင့်ဆိုစရာ မရှိပါဘူး။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ဖြတ်သန်းခြင်း သက်သက်ပါပဲ။ ဒီဖြတ်သန်းမှုထဲမှာ ဘာတွေပေးပြီး ဘာတွေယူသွားကြမလဲ။ ဒါကပဲ ဘဝရဲ့ အဓိပ္ပါယ်ပါပဲ။

ပင်ပန်းတယ်တွေ၊ မပျော်ရွှင်ဘူးတွေ ဘာမှဆင်ခြေပေးနေစရာ မရှိပါဘူး။ ဘဝရဲ့ ပေးထားချက်တွေထဲကနေ ဥာဏ်မီသလောက် အကောင်းဆုံး အဖြေထုတ်ရုံသက်သက်ပါပဲ။

သက်တမ်းတစ်ခုကြာတဲ့အခါ ဒီနေ့ဒီလူတွေထဲက ဘယ်သူမှ ဒီကမ္ဘာပေါ်မှာ ဆက်ရှိနေကြမှာမှ မဟုတ်တာ။