Get Mystery Box with random crypto!

ဆိုင်ကတော့ ပိတ်ထားတဲ့ကြာပြီဖြစ်တဲ့အတွက် အနည်းငယ်ပြန်ပြင်ရပါတယ် | ပန်ဆယ်လို

ဆိုင်ကတော့ ပိတ်ထားတဲ့ကြာပြီဖြစ်တဲ့အတွက် အနည်းငယ်ပြန်ပြင်ရပါတယ်။ နံရံဆေးသုတ်တာ၊ ပဲ့ရွဲ့နေတာလေး ဖာထေးတာ စသဖြင့်ပေါ့။ ကိုယ်တိုင်မလုပ်တတ်လို့ ပြင်ဆင်ဖို့ Quotation တောင်းလိုက်တာ မျက်လုံးပါပြူးရော။ မြန်မာပြည်မှာဆို လက်ခ၊ ပစ္စည်းအပါအဝင် လွန်ရောကျွံရော သိန်းငါးဆယ်ထက် ပိုစရာမရှိသော ပြင်ဆင်မှုပါ။ မေဒိကားမှာ ဒေါ်လာ၂၈၇၀၀ လက်ခသီးသန့်ပါ။ မြန်မာငွေနဲ့တွက်ရင် သိန်း၈၀၀ ကျော်ပါ။

ကိုယ်ကတော့ မတတ်နိုင်ဘူး တစ်ခွန်းပဲ ထိုင်အော်နေပြီး Youtube ဆရာတင်၊ အစ်ကိုတစ်ယောက်ရဲ့ အကူအညီနဲ့ အိမ်ကယောက်ျားသားတွေ ဝိုင်းလုပ်ကိုင်လိုက်ကြတာ ဒေါ်လာလေးထောင်လောက်နဲ့ ပြီးသွားပါလေရော။ အရမ်းလှပမနေပေမယ့် သပ်သပ်ရပ်ရပ်လေးတော့ ဖြစ်ပါတယ်။

ပစ္စည်းတွေတင်ဖို့ Shelve တွေ ဝယ်ရမယ်ဆိုတော့ ဆိုင်မှာထားရမယ့် စင်အရေအတွက်နဲ့ စျေးတွက်လိုက်တာ ဒေါ်လာသုံးသောင်းနီးနီး။ ဟင့်အင်း… မတတ်နိုင်ဘူးပဲ။ ကြံရာမရတော့ LA က မိတ်ဆွေအကိုတစ်ယောက်ဆီ ဖုန်းဆက်အကြံဥာဏ်တောင်းတော့ LAမှာ စင်အဟောင်းတွေ ရောင်းတဲ့ ဆိုင်လိပ်စာတွေ ရှာပေးတယ်။ LAကို ၈နာရီလောက် ကားမောင်း၊ သုံးရက်လောက် ပတ်မွှေလိုက်တာ အသစ်နီးပါးစင်တွေကို ဒေါ်လာ၇၀၀၀ ကျော်နဲ့ ရလိုက်လေရဲ့။ ဘယ်လောက် ကံကောင်းလဲဆိုတော့ LAကနေ Sacramento ကို သယ်တာ ဒေါ်လာ၁၂၀၀ ကျမယ်ဆိုလို့ အကြံဥာဏ်ပေးတဲ့ အကိုကပဲ မိတ်ဆွေမြန်မာတစ်ယောက်ဆီက ကုန်ကားကို Free ငှါးပြီး ဆိုင်ထိအရောက် အထဲထိ သယ်ပေးတဲ့အထိ ကူညီသွားရှာတယ်။

ဆိုင်အတွက် ပစ္စည်းမှာ၊ စာရင်းတွေလုပ်၊ System တွေ ချတာကအစ Website ဆွဲတာအဆုံး ကိုယ့်အင်အားနဲ့ကိုယ် ချကြတာပါ။ App ဝယ်သုံးရတဲ့အခအပြင် ဘာမှမကုန်လိုက်ပါဘူး။ မြန်မာပစ္စည်းတွေအတွက် မြန်မာကုမ္ပဏီတွေက အကြွေးချပေးတယ်။ ရောင်းပြီး တစ်လချင်း ခွဲပေးသွားပါတဲ့။ Asian ကုမ္ပဏီတွေကလည်း ဆိုင်လာစစ်ပြီး အနည်းအပါးပဲ ငွေချေ၊ ကျန်တာ အကြွေး။ ဒီကြားထဲ ဘဏ်တွေက ကိုယ့်လုပ်ငန်းနာမည်နဲ့ ငွေချေးပေးဖို့ Pre Approve Letter တွေ ရောက်လာ။

လုံခြုံရေးအစီအမံအတွက် CCTVတွေ၊ Alarm System တွေ၊ ခလုတ်တစ်ချက်နှိပ်ရင် 911 ကိုတန်းခေါ်တဲ့စနစ်တွေ စသဖြင့်ကလည်း စိတ်ချရပါတယ်။

ဒါက အဆင်ပြေတဲ့အချက်တွေပါ။ မပြေတာကတော့ အခုထိ ဟိုဟာလို ဒီဟာလို၊ ပစ္စည်းပုံးအလေးကြီးတွေမ၊ နေရာချ၊ စာရင်းလုပ်၊ စျေးကပ်၊ System ထဲထည့်နဲ့၊ ဆိုင်ဖွင့်ဖို့ သတ်မှတ်ထားတဲ့ရက် ကပ်တဲ့အထိကို အပြီးမသတ်နိုင်သေးတာပါပဲ။ လူတွေလည်း မိုးလင်းမိုးချုပ်ဆိုတော့ အရမ်းပင်ပန်းတဲ့အပြင် ဒီရက်ထဲ California ရာသီဥတုကလည်း နှင်းမုန်တိုင်းကြောင့် ဆိုးနေတာဆိုတော့ ဖျားပါဖျားတယ်။

ကိုယ်ကြုံးဝါးခဲ့သလိုပါပဲ။ စကစဟာ ကိုယ့်ရဲ့ အရမ်းကောင်းမွန်တိုးတက်နေတဲ့ လုပ်ငန်းသုံးခုကို ဖျက်ဆီးပစ်ခဲ့တယ်။ ကိုယ့်အိမ်၊ ကား၊ လုပ်ငန်း ပိုင်ဆိုင်မှုတွေ အကုန်သိမ်းခဲ့တယ်။ ကိုယ့်မိသားစုတစ်စုလုံးကို မြန်မာပြည်မှာ နေမရအောင် လိုက်လံဖမ်းဆီးတယ်။ အဆက်အသွယ်တောင်မရှိတဲ့ ဆွေမျိုးထဲက အချို့ကို ဖမ်းဆီးထောင်ချထားတယ်။ ဒါပေမယ့် နင်တို့ ဘယ်လိုဖျက်ဆီး ဖျက်ဆီး ငါပြန်တည်ဆောက်ပြမယ်ဆိုတာပဲ။ အခုက ပြန်တည်ဆောက်ပြမယ့် အရာထဲက ပထမဆုံး တစ်ခုပေါ့။

ဘဝမှာ အသက်ရှင်ရပ်တည်ဖို့ အလုပ်လုပ်ရပါမယ်။ ပေးစာကမ်းစာစားပြီး တော်လှန်ရေးအတွက် စောက်ဖောင်းထိုင်ထုခြင်းတစ်ခုပဲ လုပ်တဲ့သူတွေထက်တော့ ပင်ပန်းပါတယ်၊ ဖိအားများပါတယ်။

ကိုယ်ရဲ့ ငွေရှာခြင်းနဲ့ ပတ်သက်တဲ့ Passion ကို တော်လှန်ရေးအတွက် အသုံးပြုပြီး Fundraise လုပ်ခဲ့တာ နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈သန်းကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

စားရိတ်ကြီးမားတဲ့ နိုင်ငံမှာ ဝမ်းရေးအတွက် အလုပ်လုပ်ကိုင်ရခြင်းကိုလည်း နားလည်ပေးကြမယ် ထင်ပါတယ်။ ကျွန်မဆိုင်လေးကိုလည်း ချစ်ခြင်းမေတ္တာနဲ့ အားပေးကြဖို့ မျှော်လင့်ပါတယ်။ ဆိုင်ဖွင့်တဲ့နေ့ကျရင်လည်း Sacramento အနီးတဝိုက်၊ San Francisco Bay Area တဝိုက်က မြန်မာနိုင်ငံသားတွေ အားလုံးကို ဖိတ်ပါတယ်။

အမေရိကန်နိုင်ငံ State အစုံကလည်း Website ကနေ Card Payment နဲ့ Amazonမှာ စျေးဝယ်သလို အလွယ်တကူဝယ်ယူအားပေးနိုင်အောင်လည်း ပြင်ဆင်နေပါတယ်။ မကြာခင် ကြေညာပေးပါ့မယ်။ မြန်မာပြည်က ဘာလိုချင်ချင် ရအောင် ကြိုးစားပါ့မယ်။

မိတ်ဆွေတွေရဲ့ ဖေးမမှု၊ အားပေးမှုနဲ့ တော်လှန်ရေးရော ဝမ်းရေးရော ရှေ့ဆက်နိုင်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

ယုံကြည်မှုတွေအတွက် စိတ်မပျက်စေရအောင် ဆက်လက်ထိန်းသိမ်းကြိုးစားသွားပါ့မယ်။