Get Mystery Box with random crypto!

ဒေါ်လာသန်းချီစတိုးဆိုင်ကြီးလို့ မကြာခင် ဖွတော့မှာ အကြားအမြင် ရ | ပန်ဆယ်လို

ဒေါ်လာသန်းချီစတိုးဆိုင်ကြီးလို့ မကြာခင် ဖွတော့မှာ အကြားအမြင် ရနေလို့ ကိုယ်တိုင်ပဲ ဖွပေးလိုက်တော့မယ်။ ကြော်ငြာသဘောလည်း ဖြစ်တာပေါ့လေ။

မကြာခင်ရက်ထဲမှာ လွန်ခဲ့တဲ့ ငါးလကတည်းက ကြိုးစားနေတဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင် ဖွင့်ပါတော့မယ်။ မေဒိကန်အခေါ်ကတော့ Grocery Store ပေါ့လေ။ မြန်မာလိုကတော့ ကုန်စုံဆိုင်ပေါ့။

ကုန်စုံဆိုင်လေးဖွင့်ဖို့ စီစဉ်ရတာ ငါးလကြာလားမေးရင် အင်း… ကြာတယ်။ ဒီက စနစ်တွေနဲ့လည်း မရင်းနှီးသေးတော့ ကြာသင့်တာထက်ပိုကြာပြီး ခက်သင့်တာထက် ပိုခက်တယ်ပဲ ပြောရမှာပေါ့လေ။

မြန်မာအစားအစာလေးတွေ Online က ရောင်းတဲ့အလုပ်ကို တစ်နှစ်လောက် လုပ်ပြီးတဲ့အခါ အတွေ့အကြုံလည်း ရလာတယ်။ အိမ်မှာထားပြီး Online ကရောင်းတာက အရောင်းရများတဲ့အခါ ငွေအဝင်အထွက်မှာရော၊ ပစ္စည်းအထားအသိုမှာရော ဒီမှာက မြန်မာပြည်လို မဟုတ်ဘဲ အကန့်အသတ်တွေ များတော့ ရေရှည်ကျ Storage လိုလာတယ်။ ဂိုထောင်ငှါးမယ် စုံစမ်းပြန်တော့ ကုန်ကျစားရိတ်က ဆိုင်ခန်းလခနဲ့ အများကြီး မကွာလှပြန်ဘူး။ ဒါ့ကြောင့် ဆိုင်ခန်းလေးနဲ့ ဖွင့်မယ် ဆုံးဖြတ်လိုက်ဖြစ်တယ်။

ဆိုင်ခန်းငှါးတဲ့အခါ စကြုံပါပြီ အခက်အခဲ။ ကိုယ်တွေက ဒီရောက်တဲ့ကာလက နှစ်တိုသေးတော့ Credit Score မလုံလောက်။ မြန်မာပြည်က လူတွေ နားလည်အောင် Credit Score ကို ရှင်းပြရရင် ဒီမှာက အိမ်ငှါးတာ၊ ဆိုင်ငှါးတာမှာ မြန်မာပြည်မှာလို ၆လစာ ၁နှစ်စာ ပုံပေးလို့ မရပါဘူး။ ပေးလည်း ဆိုင်ရှင်က ယူခွင့်မရှိပါဘူး။ အစိုးရရဲ့ ကန့်သတ်ချက်ပါ။ တစ်လ တစ်ခါပဲ ပေးရပါတယ်။ ငှါးသူက မပေးနိုင်ရင်လည်း ဆိုင်ရှင်က ချက်ချင်းနှင်ချလို့ မရပါဘူး။

ဒါ့ကြောင့် အိမ်ရှင်တွေ ဆိုင်ရှင်တွေဘက်က ငှါးခကို တကယ်ပေးနိုင်သူ ဟုတ်မဟုတ် စိစစ်ဖို့ Credit Score စစ်ပါတယ်။ Credit Score ကောင်းမှ အိမ်ငှါးတာ၊ ဆိုင်ငှါးတာကို ပေးငှါးပါတယ်။

Credit Score က ငွေနဲ့ဝယ်လို့လည်း မရပါဘူး။ အကြွေးဆပ်နိုင်စွမ်းရှိလားဆိုတဲ့ History ကို စစ်တာပါ။ ရေရှည်တည်ဆောက်ယူရတဲ့အရာပါ။ USမှာ လူချင်းဘယ်လောက်ခင်ခင် ကိုယ့် Credit Score နဲ့ အာမခံဖို့ဆိုတာ တော်ရုံယုံကြည်မှုနဲ့ လုပ်မပေးနိုင်ကြပါဘူး။

ဒါပေမယ့် ကျွန်မနေထိုင်ရာမြို့က မိတ်ဆွေတစ်ယောက်ကတော့ ကျွန်မနေထိုင်ဖို့အိမ်ကို သူ့Credit Score နဲ့ အာမခံငှါးပေးထားတဲ့အပြင် ဆိုင်ကိုပါ အကူအညီမတောင်းရဘဲကို တက်တက်ကြွကြွငှါးပေးပါတယ်။ တကယ့်ကို Blessing ပါပဲ။

ဒါမျိုးအကူအညီဆိုတာ ရဖို့ အရမ်းခဲယဉ်းပါတယ်။ ဆိုလိုတာက အိမ်ငှါးခ ဆိုင်ငှါးခ ကျွန်မမပေးဘူးဆိုရင် ငှါးထားတာ ၃နှစ်ဆို ၃နှစ်စာ သူက ကြားကလျော်ရမှာပါ။ အဲ့လို အကူအညီမျိုးပါ။ မတောင်းဘဲကို ပေးတဲ့အကူအညီဖြစ်တဲ့အတွက် ပိုတန်ဖိုးထားရပါတယ်။ ကျေးဇူးတင်လွန်းလို့ ကျေးဇူးတင်ကြောင်း ခဏခဏပြောမိတာကြောင့် မိတ်ဆွေလင်မယားက ကျေးဇူးတစ်ခါပြော ငါးဒေါ်လာလို့တောင် ပြောရပါတယ်။

ဒါ့အပြင် ဆိုင်မှာ ပစ္စည်းတွေတင်ဖို့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်တာ၊ လမ်းညွှန်တာ၊ အကြွေးရဖို့ ကူညီပေးတာကအစ ဆိုင်ကမှန်ကွဲ​ကို လဲတာအဆုံး ကူညီပါတယ်။ အခြားမိတ်ဆွေတွေထဲကလည်း ဆိုင်ပြင်တာကအစ အခြားဆိုင်တွေ လိုက်လေ့လာပေးတာကအစ ကုမ္ပဏီတွေကို ဆက်သွယ်ပေးတာကအစ တက်တက်ကြွကြွ ကူညီပေးကြပါတယ်။ ဒါ့အပြင် မိသားစုရဲ့ Medi Care ကိစ္စအဝဝ ကူညီပေးတဲ့ အစ်ကိုတွေ၊ ကျန်းမာရေးကိစ္စ အလကားကြည့်ပေးတဲ့ ဆရာဝန်အစ်မတွေ၊ သွားကအစ LAအထိ အလကားခေါ်ကုပေးတဲ့ သွားဆရာဝန်တွေ။ California ဟာ ကိုယ့်အတွက် တကယ်နွေးထွေးပါတယ်။

US မှာ ဆိုင်တစ်ဆိုင် ဖြစ်လာဖို့ကလည်း တကယ်လုပ်ကြည့်မှ မလွယ်မှန်း ပိုပို သိလာတာပါ။ ကောင်းကွက်တွေ ရှိသလို ဆိုးကွက်တွေလည်း မနည်းပါ။ ကောင်းကွက်ကို ပြောရရင် မြန်မာပြည်မှာလို ဆိုင်လခ တစ်နှစ်စာ သုံးနှစ်စာ ပုံပေးစရာ မလိုတဲ့အပြင် ဆိုင်စဖွင့်နိုင်ဖို့အတွက် လအနည်းငယ် အလကားပေးပါတယ်။ ဒီဆိုင်ဆို ဆိုင်ရှင်ဘက်က သုံးလအလကားပေးပါတယ်။ ကိုယ်တွေက ငါးလတောင်းတော့ ငါးလ လစာ Free ပေးပါတယ်။

ဆိုးကွက်ကတော့ အရာရာ ပိစိပေါက်စကအစ ခက်ခဲတာပါ။ ပါမစ်ပေါင်းစုံ လိုင်စင်ပေါင်းစုံ ရူးခါနေအောင် လုပ်ရပါတယ်။ လာဘ်ပေးစရာ မလိုပါဘူး။ ဒါပေမယ့် တတ်သလောက်မှတ်သလောက် လေ့လာလုပ်ရတာမို့ အချိန်အတော်ပေးရပါတယ်။

ဒါကြောင့် ဒီလိုဆိုင်မျိုးက အဆင့်သင့်လက်တင် Owner ပြောင်းရုံအနေအထား ပြန်ဝယ်ရင် ရောင်းစျေးက ဒေါ်လာလေးငါးသိန်းတန်ပါတယ်။ ကိုယ်တို့ကတော့ ကိုယ့်ဖာသာ အစအဆုံး ရုံးပေါင်းစုံ ခြေတိုအောင်သွား(Onlineကဆို စိတ်မရှည်လို့) မေးစမ်းလုပ်ကြတာဆိုတော့ ဒါတွေ မကုန်လိုက်ပါဘူး။

ဆိုင်က အရင်တုန်းက Liquor Mart အဟောင်းပါ။ ၂၀၁၉မှာ ပိတ်သွားတာဆိုတော့ Business အသစ်အနေနဲ့ အစအဆုံး ပြန်လျှောက်ရတာပါ။ ကောင်းကွက်က ဆိုင်ထဲမှာ Liquor ဆိုင်ဖွင့်တုန်းက Walk in Cooler ကြီးတစ်လုံး အဆင်သင့်ပါလာတာပါပဲ။ Land Lord က ဖြုတ်ချင်ဖြုတ်ပစ်လိုက်၊ အမြင်အတိုင်းငှါးတယ်ပဲ။ ဒါပေမယ့် ဒါကြီးပါတာ ကိုယ်တွေအတွက် အရမ်းကောင်းသွားတယ်။ ဒါကြီးက အသစ်လုပ်ရင် ဒေါ်လာသိန်းချီကျသင့်ပါသတဲ့။