Get Mystery Box with random crypto!

အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမတွေက ကျောင်းသားကျောင်းသူတွေ စကား | ပန်ဆယ်လို

အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမတွေက ကျောင်းသားကျောင်းသူတွေ စကားပြောကြတာ ဘာလို့ မကြိုက်ကြတာလဲဟင်။ အစဉ်အလာလား၊ အချင်းချင်းရိုက်သွင်းလာတဲ့ မနှစ်သက်မှုလားပဲ။

ဆရာမ စာသင်နေချိန်မှာ ကျောင်းသားကျောင်းသူတွေ စကားပြောနေရင် စာသင်တာ အနှောက်အယှက်ဖြစ်လို့ စကားပြောတာ မကြိုက်တာ နားလည်တယ်။ ဒါပေမယ့် အတန်းအားချိန်မှာ စကားပြောကြတာကို ပိတ်ပင်တာက ဘာသဘောလဲ။

ဆရာ/မ အခန်းထဲ မရှိချိန် စကားပြောတဲ့အတန်းသားတွေကို သူခိုးဖမ်းသလို မော်နီတာဆိုတဲ့ကလေးကို နာမည်မှတ်ခိုင်းပြီး အပြစ်ပေးတဲ့စနစ်က ဘယ်သူစထွင်လိုက်တာလဲ။

ပြန်စဉ်းစားကြည့်ရင် ငယ်စဉ်ဘဝ ကျောင်းစာကြည့်ခန်းထဲမှာကတည်းက လွတ်လပ်စွာရှင်သန်ရပ်တည်ခွင့်ကို ဖိနှိပ်ခံထားရသလိုလို၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသလိုလိုကြီး။

နိုင်ငံတကာက ပညာရေးစနစ်မှာ ကျောင်းသား/သူတွေကို လူမကြောက်အောင်၊ နှုတ်သွက်အောင် ၊ သွက်လက်အောင် Discussion တွေ စကားဝိုင်းတွေလိုမျိုး စနစ်တွေနဲ့ သင်ကြားနေကြချိန်မှာ ကိုယ်တွေနိုင်ငံက စနစ်က စကားပြောရင်မကြိုက်ဘူး၊ မေးခွန်းတွေကို မကြိုက်ဘူး၊ ပေါင်းသင်းဆက်ဆံရေးတွေကိုအစ လိုက်လံကန့်သတ်နေကြတာ။

ပိုဆိုးတာက အတန်းထဲမှာ ကျောင်းသားအချင်းချင်း သွေးခွဲအုပ်ချုပ်တာပဲ။ ကျောင်းသားချင်းအတူတူ ဆရာ/မနဲ့ ပလဲနံပသင့်တဲ့သူကို မော်နီတာရာထူးအပ်ပြီး အတန်းထဲမှာ ဒလန်ပြန်ထားတဲ့ စနစ်မျိုး။ မော်နီတာကလည်း ကိုယ်စောက်မြင်ကပ်တဲ့သူ စကားပြောတဲ့စာရင်းထဲ ပိုပိုသာသာ ထည့်မမှတ်ရအောင် သူတော်စင်တွေလည်း မဟုတ်။ အခြေခံပညာရေးစနစ်မှာကိုက ဒလန်ထည့်တဲ့စနစ်ကို ကျင့်သုံးအုပ်ချုပ်ခဲ့ကြတာ။

အဲ့စနစ်ရဲ့ ရလဒ်က ဘာလဲဆိုတော့ အခုတော်လှန်ရေးကာလမှာ ပေါ်ပေါက်နေတဲ့ ဒလန်တွေပဲ။ ကိုယ်နဲ့ ပလဲနံပသင့်သူကို ရာထူးပေးပြီး အချင်းချင်းဖိနှိပ်ခိုင်းတာမျိုး၊ သတင်းပေးခိုင်းတာမျိုး။ ဘာမှမဟုတ်တဲ့ ရာထူးလေး တစ်နေရာအတွက် ဘေးပတ်ဝန်းကျင်ကသူတွေကို ချနင်းတာမျိုး။ ဒုက္ခပေးတာမျိုး။

ကိုယ်တွေကတော့ ငယ်ငယ်ကတည်းက အတန်းထဲက မော်နီတာဆိုတဲ့ကောင် နာမည်မှတ်လို့က ဝိုင်းအုပ်တဲ့ အဖွဲ့ထဲကပဲ။ ဒီလိုသခင်အားရ ကျွန်ပါးဝတွေကို ငယ်ဘဝအတွေးနဲ့တောင် ဘာညှာတာမှုမှ မပေးနိုင်။ ကိုယ်တစ်ချက်ရိုက်ခံရရင် နှစ်ချက်စာ တုံ့ပြန်ခဲ့တာမျိုး။ တော်လှန်ရေးကာလမှာလည်း ပြည်သူအချင်းချင်း ဖိနှိပ်ရင် ဒုက္ခပေးရင် သင့်တော်သလို ပြစ်ဒဏ်ပေးရမယ်ဆိုတာကိုပဲ လက်ခံယုံကြည်တယ်။

ဒီတော်လှန်ရေးနဲ့အတူ ယှဉ်တွဲတော်လှန်ရမှာက အတွေးအခေါ်တော်လှန်ရေးပဲ။ Bull Shit တွေမှန်သမျှ တော်လှန်ကြရမယ်။ Bull Shit တွေမှန်သမျှ ဆန့်ကျင်ကြရမယ်။

ကလေးတွေရဲ့ အတွေးထဲကို အဆိပ်တွေ လောင်းထည့်ပေးနေတာတွေ ရပ်ကြချိန်တန်ပါပြီ။