Get Mystery Box with random crypto!

အာဏာမသိမ်းခင်အချိန်တုန်းက ကိုယ်ဟာ အတော်လူမှုရေးအားနည်းတဲ့လူလို | ပန်ဆယ်လို

အာဏာမသိမ်းခင်အချိန်တုန်းက ကိုယ်ဟာ အတော်လူမှုရေးအားနည်းတဲ့လူလို့ ပြောရမယ်။ အကြောတင်းတယ်၊ လူရိပ်လူကဲ မသိတာထက် အဖက်ကို မလုပ်တာမျိုး။ ကိုယ်မှန်တယ်ထင်ရင် သူများခံနိုင်နိုင် မနိုင်နိုင် ဗြိုးခနဲ ဗျက်ခနဲ ပြောချပစ်တာ။

လူ့အောက်ကျလို့ လူပိမသေပါဘူးဆိုတာ တစ်ခါမှ မတွေးခဲ့ဖူးတာ။ နည်းနည်းလေး သေးသေးတင်ရင် လုံးကြီးတင်ပြီး ဆံခတ်ပစ်မယ်ဆိုတဲ့အစားမျိုး။ လူတစ်ယောက်ကို ချဉ်သွားပြီဆိုရင်လေ မျက်နှာချင်းဆိုင်တွေ့ရင်တော့ မျက်နှာသွေးသပ် ပေါ်တင်ကြီး ဟိုဘက်လှည့်ထိုင်တဲ့ အကြောမျိုး။ သူ့ဖာသာ မုန်းလို့မက၊ လဲပဲသေသေ၊ ငါနဲ့ဘာဆိုင်တုန်းလို့ပဲ စဉ်းစားတာ။ လူမုန်းခံရတာကို လက်ဖက်ရည်ခွက်ထဲ ယင်ကောင်ကျသလောက်တောင် ခံစားရတာ မဟုတ်ဘူး။

အဲ့လိုနေတော့ ဘာဖြစ်လဲ၊ လူမြင်ကပ်ခံရတယ်။ ဒါပေမယ့် စိတ်ချမ်းသာတယ်။ ဘေးပတ်ဝန်းကျင်ဆိုတာက ကိုယ့်အတွက် တစ်ခါမှ Toxic မဖြစ်စေဘူး။ ဖိအားမရှိဘူး။ ကိုယ်ကလည်း ဂရုမစိုက်၊ ကိုယ့်ဂရုမစိုက်လည်း ပိုကြိုက်ပဲ။

ဒီကာလကြီးထဲမှာကလေ ပူးပေါင်းဆောင်ရွက်ရတာတွေ၊ လူအများနဲ့ ပတ်သက်တွေ့ဆုံရတာတွေ၊ ညှိနှိုင်းရတာတွေ၊ အလျှော့ပေးရတာတွေ၊ စိတ်ထိန်းရတာတွေ။ ကိုယ်နဲ့ တစ်စက်လေးမှ သဟဇာတမဖြစ်တဲ့ အလေ့အထတွေကို ဒီကာလထဲမှာ အတော်ထိန်းညှိရှင်သန်ရတာ။

တော်လှန်ရေးအတွက် ထောက်ပို့ပြည်သူတွေ အများကြီးနဲ့ ထိစပ်ရတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ အများစုက အရမ်းအဆင်ပြေပေမယ့် အနည်းစုရဲ့ စိတ်ကျေနပ်မှုအတွက် လိုက်ဆောင်ရွက်ရတာတွေကလည်း မနည်းမနော။

မြေပြင်အဖွဲ့တွေဆိုတာကလည်း ကိုယ်တွေက တလေးတစား ထောက်ပံ့ရတာဆိုတော့ အချို့သော အလိုမဖြည့်နိုင်မှုတွေက Conflict တွေမှာလည်း နားလည်ပေးနိုင်ဖို့ စိတ်တွေလျှော့ရတာလည်း အခါခါ။

တခါတရံ ရယ်စရာအနေနဲ့ ပြောဖြစ်ပါတယ်။ တို့တွေမှာ အလှူရှင်တွေဆီလည်း ရိုကျိုးရ၊ အလှူခံတွေဆီလည်း လေးစားရနဲ့ ခံဖက်ကချည်းပဲဟေ့လို့။

အများနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေမှာလည်း တာဝန်ခံရသူအနေနဲ့ လုပ်ရတဲ့အခါ ကိုယ်မှားမှား မမှားမှား “ဟုတ်ကဲ့…. တောင်းပန်ပါတယ်နော်” လို့ ပြောတတ်အောင် လေ့ကျင့်ရတာပဲ။ ကြာတော့ မှားတာတွေ မှန်တာတွေ ငြင်းခုံဖို့နေနေသာသာ တွေးတောင် မတွေးဖြစ်တော့ဘူး။ Work Doneဖြစ်ဖို့၊ ရည်ရွယ်ချက်ပြီးမြောက်ဖို့ကပဲ အရေးကြီးတယ် သဘောပိုက်ရတော့တာပဲ။

ဘဝမှာလေ တခါမှ အဲ့လောက် လူကြီးဆန်နိုင်သွားမယ် မထင်ထားမိခဲ့ဘူး။ ဒီသုံးနှစ်လုံး စိတ်ကို တစ်ချက်လေးမှ အလွတ်မပေးဘဲ Control Button ကို အမြဲကိုင်ထားရသလို ဖြစ်နေတော့ ဆိုးကျိုးအနေနဲ့က ဘာကြုံကြုံ ခံစားချက်မဲ့လာတာပဲ။ စက်ရုပ်ဆန်လာတာပဲ။ လူတစ်ယောက်လို ကျေနပ်တာ၊ မကျေနပ်တာ၊ ပျော်တာ၊ ဒေါသထွက်တာတွေ သိပ်မရှိတော့ဘဲ တုံ့ပြန်နိုင်စိတ် မဲ့လာတာ။

တခါတရံ ဖေ့စ်ဘုတ်မှာ ရန်ဖြစ်ရပြီဆိုရင် အချို့က ကိုယ်စိတ်ညစ်နေမလား ထင်ကြတယ်။ စိတ်တော့ရှုပ်တာပေါ့။ ဒါပေမယ့် အဲ့လို ထသောင်းကျန်းလိုက်ရပြီဆိုရင် Stress Release အတော်ဖြစ်သွားတာ။ တစ်နေရာရာမှာ ဖွင့်ထုတ်ခွင့်ရလိုက်လို့ ကျေနပ်သွားသလိုမျိုးတောင် ခံစားရတယ်။

ဒါကြီးပြီးရင်လေ ကိုယ်တော့ အရင်လို အကြောတင်းတင်း ပြန်နေခွင့်ရချင်တာပဲ ရှိတယ်။ ကိုယ်စိတ်ပါမှ လုပ်မယ်။ စိတ်ပါမှ ယဉ်ကျေးမယ်။ စိတ်ပါမှ ပတ်သက်မယ်။ စိတ်ပါမှ ပျူငှါမယ်။ မလုပ်ချင်တာ မှန်သမျှ ဘာမှမလုပ်ဘဲ နေထိုင်မယ်။

အရင်လိုပဲ… ကြည့်မရဘူးလား၊ လဲသေလေ… ငါကတော့ F*** Off ပဲ ဆိုတာမျိုး စိတ်လွတ်ကိုယ်လွတ် ပြန်နေချင်တော့တာပဲ။

အခုလိုမျိုး တာဝန်ကျေပြီး စိတ်သေနေရတဲ့ ဘဝမျိုးကနေ ရပ်တန့်နိုင်ဖို့ ဒါကြီး အမြန်ပြီးဆုံးဖို့ လိုအပ်တယ်။

စောက်ပုတောင် လက်ခလယ်ထောင်လာတဲ့ကောင်ကွာ၊

အခုဘဝမျိုးကြီး တကယ်ကို မကြိုက်တာ။