Get Mystery Box with random crypto!

အတွေးတွေဟာ အမြဲတမ်း တရားသေမရှိဘူးပဲ။ အတွေးတွေဟာ အမြဲတမ်းပြောင် | ပန်ဆယ်လို

အတွေးတွေဟာ အမြဲတမ်း တရားသေမရှိဘူးပဲ။ အတွေးတွေဟာ အမြဲတမ်းပြောင်းလဲနေတတ်တယ်။ အမြဲတမ်း ပြောင်းလဲနေဖို့လည်း လိုအပ်တယ်။ လောကဓံကို ခံနိုင်ရည် ရှိဖို့အတွက်လေ။

ဒီရက်ထဲမှာ ကိုယ့်အတွေးတစ်ခု အပြောင်းအလဲ ဖြစ်ခဲ့တယ်။ အဲ့ဒါက “ကံကြမ္မာ” ဆိုတဲ့အရာအပေါ် ရှုမြင်တဲ့ အမြင်ပဲ။

တစ်သက်လုံးဆွဲကိုင်လာခဲ့တဲ့အတွေးက ကံဆိုတာ အလုပ်ပဲ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ကောင်းတာလုပ်ရင်း မကောင်းတာဖြစ်လာရင် ကိုယ့်ကံကြောင့် မဟုတ်ဘူး၊ လာကျူးလွန်သူရဲ့ကံမို့ မကောင်းတာဖြစ်အောင် ပြန်လုပ်ကို လုပ်ရမယ်။ အဲ့လိုပဲ ကိုယ်ယုံကြည်ခဲ့တာ။ အဲ့ဒီ့လိုပဲ ကိုယ်က ကံကြမ္မာ (Fate) ကို မယုံကြည်ခဲ့တဲ့ကောင်မျိုး။

တကယ်တမ်းတော့ အဲ့လိုမဟုတ်နေခဲ့ဘူးပဲ။ ဘယ်လောက်ပဲ ကောင်းတာတွေ တွေးပြီး ကောင်းတာတွေ လုပ်နေပါစေ မကောင်းတာတွေ ဖြစ်လာတတ်တာပဲဆိုတာ ဒီသုံးနှစ်အတွင်း အတော်သင်ယူခဲ့ပြီးပြီပဲ။ အချို့သောကိစ္စရပ်တွေဟာ အရင်ကယုံကြည်ခဲ့တဲ့ ရိုးရိုးရှင်းရှင်းအတွေးထက် ပိုရှုပ်ထွေးနေတတ်တာပဲ။ ကိုယ်ဟာ ကံကြမ္မာအကြောင်း ပိုတွေးဖြစ်လာတယ်။

လောကဓံဆိုတာကလေ ငိုပြတတ်တဲ့သူတွေကို သနားတတ်တယ်။ ကိုယ်တွေလို အံကြိတ်ပေခံတဲ့ ကောင်တွေကိုတော့ သူများထက် ပိုရိုက်တတ်တယ်။ မင်းက အကောင်ကြီးလို့ ရေနွေးအိုးပေါ် နှစ်ခါလျှောက်ဆိုတာမျိုးပေါ့။ ကံကြမ္မာက အသေသတ်တဲ့အခါမျိုးတွေဟာ ငြင်းဆန်နိုင်တာလည်း မရှိဘူးကိုး။

ကိစ္စရပ်တိုင်းမှာ ငါ့ကိုဒီလိုဖြစ်စေသူကို ပြန်ဖြစ်စေရမယ်ဆိုတာ အသုံးမဝင်ဘူးပဲ။ မုန်တိုင်းတိုက်သလို ငလျင်လှုပ်သလို ကိုယ်ဘာမှ မလုပ်မိပါဘဲ ဘာမှပြန်တုံ့ပြန်လို့မရတဲ့ ဘေးအန္တရာယ်မျိုးဟာ ကံကြမ္မာပဲ။

ကိုယ်တို့မှာ လုပ်စရာက တစ်ခုပဲ ရှိတယ်။ အဲ့ဒီ့မုန်တိုင်းထဲမှာ လွင့်ထွက်မသွားဖို့ ပြိုလဲမသွားဖို့ ကြံ့ကြံ့ခံရင်ဆိုင်တာပဲ။ ပြိုလဲသွားအောင် ပြင်းထန်ခဲ့ရင်တောင် ပြန်ထနိုင်အောင် ခွန်အားမွေးထားတာမျိုးပေါ့။ Resilience လို့ပဲ ခေါ်မလား။

ဘဝမှာ အချို့သော အချိန်တွေဟာ ဆိုးဝါးတတ်ပါတယ်။ ပြန်လည်တုန့်ပြန်ရင်ဆိုင်ရင်း ကျော်ဖြတ်ရတဲ့ အချိန်ဆိုးတွေရှိသလို ဘာမှမလုပ်ဘဲ သွေးအေးအေးထိုင်ကြည့်နေရင်း ကျော်ဖြတ်ရတဲ့ အချိန်ဆိုးတွေလည်း ရှိတတ်တယ်။

ဒါက ဒီလိုဖြစ်လို့မရဘူး၊ ဒီလိုမဖြစ်ချင်ဘူး၊ ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူးဆိုတဲ့ အခြေအနေမရှိတော့တဲ့ အပျက်အစီးမျိုးတွေဆိုရင် ဖြစ်ချင်ရာ ဖြစ်ပါစေတော့ဆိုတော့ လွှတ်ချနိုင်မှုမျိုးတွေလည်း လိုအပ်တယ်။

တိုက်တန်းနစ်ဇာတ်ကားထဲကလို သင်္ဘောကြီးမြုပ်နေတုန်းမှာ တယောထိုးနေကြတဲ့ဇာတ်ဝင်ခန်းလိုမျိုးပေါ့။ ကိုယ်ဘာမှမတတ်နိုင်တော့တဲ့ အပျက်အစီးတွေကို သွေးအေးအေး အနုပညာဆန်ဆန် ငေးကြည့်နေလိုက်ရုံပါပဲ။

ဘဝမှာ တုံ့ပြန်တတ်ဖို့လည်း လိုသလို လက်ခံတတ်ဖို့လည်း လိုတယ်ဆိုတာ ဒီကာလတွေမှာ သင်ကြားခွင့်ရလိုက်တယ်။

ပြီးတော့လည်း ပြီးသွားတာပါပဲ။