Get Mystery Box with random crypto!

တိုက်ပွဲမှာ ခြေနှစ်ချောင်းလုံးပြတ်လာတဲ့ ရဲဘော်တစ်ယောက်ရဲ့ ဆေးရ | ပန်ဆယ်လို

တိုက်ပွဲမှာ ခြေနှစ်ချောင်းလုံးပြတ်လာတဲ့ ရဲဘော်တစ်ယောက်ရဲ့ ဆေးရုံကုတင်နားကို လူတစ်ယောက် ရောက်လာတယ်။ ဘယ်နိုင်ငံကလာတာပါ။ တော်လှန်ရေးအတွက် စိတ်ပြင်းပြလို့ ဒီနေရာအထိ လာတာပါ။ ဒေါ်လာ၅၀၀ လှူချင်ပါတယ်ဆိုပြီး အိပ်ပျော်နေတဲ့ ဒဏ်ရာရ ရဲဘော်ကို ဓါတ်ပုံတွေ ရိုက်သွားတယ်။

မကြာခင်မှာ ဖေ့စ်ဘုတ်ပေါ်မှာ အကောင့်သုံးခုကနေ ဒဏ်ရာရရဲဘော်ရဲ့ပုံတွေတင်ပြီး အလှူခံပါတော့တယ်။ လောလောလတ်လတ် ခြေနှစ်ဖက်ဆုံးရှုံးထားတဲ့ ရဲဘော်ခဗျာ ခြေနှစ်ဖက်အတွက်ရော၊ ကိုယ့်ကိုသနားစရာလို အသုံးချခံရတာရော ခံစားချက်တွေနဲ့။

ဒဏ်ရာရ ရဲဘော်တွေရဲ့ ဆေးရုံကို ရောက်လာ၊ ဘတ်တစ်သောင်းလောက်ပေး ဓါတ်ပုံတွေရိုက်၊ Proposal တွေလုပ်ပြီး Humanitarian Aid တွေ လျှောက်။ ဒါမျိုးတွေလည်း အများအပြား။ နောက်ပိုင်းတော့ ရဲဘော်တွေခဗျာ ဘယ်သူကိုမှ အတွေ့မခံချင်တော့တဲ့အထိ။

ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့ဆုံးရှုံးသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ လုပ်စားတွေရဲ့ စားပေါက်ကြီး ဖြစ်နေကြသလား။

ထပ်စဉ်းစားကြည့်မယ်ဆိုရင် ဒီလူငယ်တွေဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့ကြသူတွေ။ သူတို့မှာ လူသနားခံရတာကို မကြိုက်တဲ့ မာန၊ လူငယ်တစ်ယောက်ရဲ့ ကိုယ့်ဆုံးရှုံးမှုကို ပြစားခံရတဲ့ နာကျည်းမှု။ အဆိုးဆုံးက ခြေလက်အင်္ဂါဆုံးရှုံးလိုက်ရတဲ့အပေါ် ဖြစ်ပေါ်နေတဲ့ Emotional Breakdown နဲ့ ထရော်မာတွေကြားမှာ ရုန်းကန်နေရချိန်မှာ သူတို့ ပိုပြီးအားငယ်ကြေကွဲအောင် ဖေးမသလိုနဲ့ နင်းချသွားခံရမှု။

ဒီရဲဘော်တွေဟာ သနားစရာလို ပေးကမ်းစွန့်ကြဲခံရမယ့်သူတွေ မဟုတ်ဘူး။ အလေးအမြတ် စောင့်ရှောက်ဖေးမကြရမယ့်သူတွေ။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေအတွက် ထောက်ပံ့ငွေ ရှာရမယ့် အနေအထားဆိုရင်တောင် သနားစရာလို အရေးအသားမျိုးထက် သူတို့ရဲ့ စွန့်လွှတ်လိုက်ရမှုအပေါ် ပြည်သူရဲ့ တလေးတစားကူညီမှုကို ရသင့်ကြတဲ့သူတွေဖြစ်တဲ့အတွက် မျက်ရည်ချူ အရေးအသားမျိုးထက် သူတို့ရဲ့ ရဲရင့်မှုအတွက် ဂုဏ်ယူလေးစားကြောင်းမျိုးပဲ ဖြစ်သင့်တယ်။

ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားကြသူတွေကို မဖေးမနိုင်ရင်တောင် အသုံးမချဖို့ စည်းထားကြသင့်တယ် မဟုတ်လား။

ဒီအဖြစ်အပျက်တွေကို အဲ့နေရာရောက်နေတဲ့ မိတ်ဆွေတစ်ယောက်က လှမ်းပြောပြလာတာပါ။ သူက ဒီရဲဘော်တွေနဲ့ စကားပြောတဲ့အခါ ဘာလိုအပ်သလဲ ဘယ်လိုကူညီရမလဲ မေးတော့ ပြန်ဖြေတယ်။

ကျွန်တော့်ခြေထောက်တွေပဲ ပြန်လိုချင်တယ်တဲ့။

ကျုပ်တို့ သူတို့ခြေထောက်တွေကို ပြန်ယူမပေးနိုင်ပေမယ့် သူတို့ခြေထောက်တွေနဲ့ ရင်းတိုက်ခဲ့ကြတဲ့ စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ရာပန်းတိုင်ဆီ အရောက်သွားနိုင်ကြသင့်တယ် မဟုတ်လား။

တော်လှန်ရေးအတွက် အားလျော့မယ်တွေးမိရင် ခင်ဗျားတို့ ခြေထောက်တွေကို ပြန်ငုံ့ကြည့်လိုက်ကြပါ။

တော်လှန်ရေးမှာ ပါဝင်သူချင်းအတူတူ ခင်ဗျားတို့ ကျုပ်တို့မှာ ခြေထောက်တွေ ရှိနေကြသေးတယ်။