Get Mystery Box with random crypto!

ရွာတွေကို မီးတင်ရှို့တဲ့နည်းနဲ့ တော်လှန်ရေးကို ရပ်တန့်လို့ရမယ် | ပန်ဆယ်လို

ရွာတွေကို မီးတင်ရှို့တဲ့နည်းနဲ့ တော်လှန်ရေးကို ရပ်တန့်လို့ရမယ်ထင်နေတဲ့ မင်းအောင်လှိုင်စစ်တပ်ရဲ့ အတွေးအခေါ်ဟာ အတော်ဆိုးဆိုးဝါးဝါး နိမ့်ကျနေတာပဲ။

လူဆိုတာက ကိုယ့်ရဲ့လက်ရှိအခြေအနေ အနေအထားလေး ဘယ်လောက်သေးငယ်နေပါစေ တွယ်ဖက်တွယ်တာတတ်တဲ့သဘော ရှိတယ်။ ကိုယ်နေတဲ့ အိမ်လေးဟာ ကြီးချင်မှ ကြီးမယ်၊ ကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ် ဒါလေးဟာ ကိုယ့်ဘဝတစ်ခုလုံးလည်း ဖြစ်နေနိုင်တယ်။ ဒီအရာတွေကို စွန့်ခွါဖို့ ထားပစ်ဖို့ ပြတ်သားဖို့ဟာ အတော်ကြီးမားတဲ့ ရွေးချယ်မှုပဲ။ ဒါသည်ပင် လူတစ်ယောက်ရဲ့ အခြေခံချစ်စိတ်ပဲ။

ရွာတွေကို မီးရှို့ပစ်လိုက်တယ်။ နေစရာအိမ်မဲ့သွားကြတယ်။ စီးပွါးရေးတွေ ရပ်သွားတယ်။ တွယ်မက်စရာတွေ မရှိတော့ဘူး။ ဒီလိုဖြစ်စေတဲ့ ရန်သူဟာ ဘယ်သူဆိုတာလည်း ရှင်းလင်းတယ်။

အရင်က တော်လှန်ရေးဘက်ခြမ်းမှာ ရပ်ချင်ပါတယ်ဆိုရင်တောင် ငဲ့ကွက်စရာတွေနဲ့။ ဒီလိုလုပ်ရင် ဒီလိုအရာတွေ ဖြစ်လာမှာစိုးလို့ဆိုပြီး ချင့်ချိန်တွေးဆစရာတွေ အများသား။

တွယ်တာစရာ ဘာမှမကျန်တော့သူတွေကို ရွာမီးတင်ရှို့ခြင်းနဲ့ မွေးထုတ်လိုက်ကြတယ်။ နောက်လှည့်ရင် ကျောပဲရှိတဲ့ ကျောမွဲတွေကို နောက်လှည့်ရင်တောင် ဘာမှမရှိတော့တဲ့အခြေအနေတွေ ဖန်တီးလိုက်ကြတယ်။ တော်လှန်ရေးကို ရပ်တန့်ဖို့ဆိုပြီး တော်လှန်သူတွေကို စစ်တပ်ကပဲ မွေးထုတ်ပေးနေကြပြီ။

စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်သူမှ ငြိမ်းချမ်းသာယာမနေပါဘူး။ ငြိမ်းချမ်းသာယာနေရင်လည်း ခဏပါပဲ။ ကိုယ်နေရာ ပူမလာခင်ထိ အေးနေတယ် ထင်နေကြပေါ့။

လောင်မြိုက်နေကြရှာတဲ့ အပြစ်မဲ့ပြည်သူတွေကို ဘာမှမတတ်နိုင်ဘူးလို့ နေစိမ့်ကြရင် ကိုယ်တိုင်လောင်မြိုက်ကြတဲ့အခါ ဘယ်သူမှ မကူနိုင်ဘူးဆိုတာလည်း ကြိုတင်တွက်ဆထားဖို့ပါပဲ။

ဒီတော်လှန်ရေးဟာ ဒီအတိုင်း ပြီးသွားမယ်အရာမဟုတ်ဘူးဆိုတာ နှလုံးသွင်းထားဖို့ပါပဲ။